





ကြက်သားဟင်းချက်တာကတော့ ဘာမှထူးဆန်းမယ်လို့ မထင်ပါဘူး … ဒါပေမယ့် ထောပတ်ထမင်းတင်ထားပြီး ဟင်းမပါရင် ဘာနဲ့ စားရမလဲလို့မေးမှာစိုးလို့ ကြက်သားဟင်းပါ တင်လိုက်တယ် …
ပါဝင်သောပစ္စည်းများ …
ကြက် အကောင်ခပ်သေးသေး (၁) ကောင် .. ၃၅ ကျပ်သားခန့်
ကြက်သွန် အနီ (၂) ဥ … ကြက်သွန်ဖြူ နဲ့ ဂျင်း သင့်တော်သလိုထည့် ..
သစ်ကြားပိုး .. ကုလားဝေး … ကုလားမဆလာ
ဆား .. ဆနွင်း .. ငံပြာရည် .. ငရုတ်သီးအစိမ်းမှုန့်
ချက်ပြုတ်ပုံအဆင့်ဆင့်
ကြက်တစ်ကောင်ကို (၄) တုံးတုံးပြီး ဆား ဆနွင်းနဲ့ ငံပြာရည်နယ်ပြီး တစ်နာရီခန့်ထားပါသည် .. အသားထဲ အရသာဝင်စေရန်ဖြစ်ပါသည်။ ဒိန်ချဉ်ရှိပါက အနည်းငယ်ထည့်ပြီး နယ်ထားလျှင် ပိုကောင်းပါသည်။ ဒါန်အိုးထဲကို ဆီ (မခန့်မှန်းတတ်ပါ) သင့်တော်သလိုထည့်ပြီး ဆီဆူလာလျှင် ကြက်သွန် ဖြူနီဂျင်း ထောင်းထားတာကိုထည့်ပြီး ဆီသတ်ရပါမည် … ကြက်သွန်များ နွမ်းပြီး မွှေးလာသည်အထိ စိတ်ရှည်ရှည်ဆီသတ်ရပါမည် .. ထို့နောက် သစ်ကြားပိုးနဲ့ ကုလားဝေးရွက်ကိုထည့်ပြီး ဆီသတ်ပါသည် … အဲဒီနောက် ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) ထည့်ပြီး ခေတ္တမွှေပေးပါသည်။ ထို့နောက် အသင့်နယ်ဖတ်ထားတော့ ကြက်သားကိုထည့်ပြီး မွှေးလာသည်အထိထားပါသည်။ မဆလာ အနည်းငယ်ကိုပါ ထည့်ပြီး မွှေပေးပါတယ် … ရေထွက်တာကုန်ပြီဆိုလျှင် နောက်ထပ် သင့်တော်သလောက်ရေထည့်ပြီး အဖုံးအုပ်ကာ ကြက်သားများနူးသည်အထိ တည်ထားရုံပါပဲ … ကျက်ခါနီး ဆီပြန်ခါနီးမှာ မဆလာမှုန့်အနည်းငယ်ထပ်ထည့်လိုက်ပါသည် … အလွန်မွှေးကြိုင်ပါသဖြင့် တခြားအခန်းမှ သူများ အနံ့ရပြီး ဗိုက်ဆာကုန်ပါသည် …





No comments:
Post a Comment