ယနေ့ခေတ်
လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် အရမ်းအရေးကြီးတဲ့ နည်းလမ်းတွေကို
တင်ပြလိုက်ပါတယ်။ အ၀လွန်ခြင်းကို ကာကွယ်ဖို့ ဘာလို့ ဒီလောက်လိုအပ်
လှသလဲဆိုတော့ ကူးစက်ရောဂါ မဟုတ်တဲ့ ရောဂါတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ
ဝခြင်းရဲ့ သက်ရောက်မှုအနေနဲ့ ဖြစ်ရတာဖြစ်လို့ တကယ်လိုအပ်လှ ပါတယ်။
ရောဂါတွေကို မြန်မာ့ တိုင်းရင်းဆေး ပညာအရ ခွဲခြားထားပုံ က ဖြစ်လာ၏။ ကုစရာ
မလိုဘဲ ပျောက်၏။ ရောဂါက (၃၂) ပါး၊ ဖြစ်လာ၏၊ ကုမှ ပျောက်၏ ရောဂါက (၃၂) ပါး၊
ဖြစ်လာ၏၊ ကုသော်လည်း မပျောက်က (၃၂) ပါး ဆိုပြီး ပေါင်း (၉၆) ပါး ရောဂါများ
ဆိုပြီး ခွဲခြားထား ပါတယ်။ အနောက်တိုင်း ဆေးပညာ အလိုအရတော့ ရောဂါ
အားလုံးကို အကြမ်းဖျင်း ကူးစက်နိုင်သော ရောဂါများ (Communicable Diseases,
CD) နဲ့ မကူးစက်နိုင်သော ရောဂါများ (Non-communicable Diseases, NCD)
ဆိုပြီး နှစ်မျိုး ခွဲခြားနိုင် ပါတယ်။
အားလုံး သိကြတဲ့ အတိုင်းပါပဲ။ ကူးစက်ရောဂါတွေ က ဘက်တီးရီးယား၊
ဗိုင်းရပ်စ်၊ မှို၊ ကပ်ပါးကောင်များ စတဲ့ ကူးစက်ပိုးတွေကြောင့် ဖြစ်ရပြီး
မကူးစက်နိုင်သော ရောဂါတွေ ဆိုတာက အသက်အရွယ်၊ အစားအသောက်၊ အနေအထိုင်
စတာတွေကြောင့် ဖြစ်လာရတဲ့ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ ကင်ဆာ အများစုတို့
ဖြစ်ကြပါတယ်။
ဟိုးရှေးရှေး
သမိုင်းဦးကနေ ၁၉ ရာစု အထိ မတိုးတက်သေးတဲ့ ကမ္ဘာ့ လူသားတွေဟာ ကျောက်ကြီး၊
ပလိပ်၊ ငှက်ဖျား၊ ၀မ်းရောဂါ စသဖြင့် နေရာဒေသ အလိုက် ကူးစက်ရောဂါ
အမျိုးမျိုးနဲ့ ပဲ နပန်းလုံး နေခဲ့ရ ပါတယ်။ သွားရေးလာရေး၊ စားရေးသောက်ရေး၊
အ၀တ်အထည် စတာတွေ အတွက် ကာယအားကိုပဲ အားကိုးနေရတော့ အဆီပိုတွေ ဆိုတာ
မရှိကြပါဘူး။ ဒါကြောင့် ၁၉ ရာစု လူသား တစ်ယောက်ကို အဆီ ချဖို့ သွားပြောရင်
သူက ရယ်မှာပါပဲ။ ယနေ့ ၂၁ ရာစု ကမ္ဘာကြီးမှာ ကတော့ လွန်ခဲ့တဲ့ ရာစုများနဲ့
လုံးဝ မတူဘဲ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် အမြင့်မားဆုံး လို့
ဆိုနိုင်ပါတယ်။ ကာကွယ်ဆေးတွေ၊ ဆေးဝါးကောင်း တွေကြောင့် ကျောက်ကြီး၊ ပလိပ်
စတဲ့ ကမ္ဘာ့ ကပ်ရောဂါများ ဟာ လုံးဝ အမြစ် ပြတ်သွားတာ ကြာခဲ့ပါပြီ။
စားဝတ်နေရေး အားလုံးကလည်း မြို့ကြီးငယ်တွေ အကုန်လုံးမှာ အစစ အရာရာ တကယ်
အဆင်ပြေ ချောမွေ့စွာ Ready-made အထည်တွေ၊ Fast Food တွေကို သုံးစွဲနိုင်ကြ
ပါတယ်။ လူနေမှု အဆင့် မြင့်လာလို့ လူတန်းစား အားလုံးဟာ ရှေးယခင် ကထက် ပိုမို
ဇိမ်ကျလာ တယ်လို့ ဆိုနိုင်ပါတယ်။ ထိုင်နေရတဲ့ Life-style ရှိတဲ့
အလုပ်အကိုင် တွေက များလာပါတယ်။ ဒါကြောင့် ၂၁ ရာစု လူသားတွေ အတွက်
ကူးစက်နိုင်သော ရောဂါတွေ က တိုးလာတာတွေ နဲ့ ထပ်ပေါင်းရင် လျော့မသွား
သော်လည်း မကူးစက်နိုင်သော ရောဂါများက ကပ်ရောဂါများ အဖြစ် ဆိုးဝါးစွာ
တိုးတက်လာ ပါတယ်။
ရုပ်ဝတ္ထု
တိုးတက်မှု ကမ္ဘာ့ နံပါတ်တစ် ဖြစ်တဲ့ အမေရိကန်မှာ ဆိုရင် အ၀လွန်ခြင်းဟာ
အရွယ်ရောက်ပြီး သူတွေရဲ့ လေးပုံတစ်ပုံ လောက်တောင် ရှိလာတော့မှာမို့ အစိုးရ
ကိုယ်တိုင်ကတောင် အ၀လွန်မှု တိုက်ဖျက် လျှော့ချရေးတွေ၊ ပညာပေးတွေ လုပ်နေရ
ပါတယ်။
ဟိုတလောက သတင်းတစ်ခု
ကြားလိုက်ရတာ ဆိုရင် အမေရိကန် ပြည်နယ် တစ်ခုရဲ့ ကောလိပ် တစ်ခုကဆို
ကိုယ်အလေးချိန် သတ်မှတ်ချက် ထက် ကျော်လွန်သူများကို ၀င်ခွင့် မပြုတော့
ပါတဲ့။
ဘာလို့လဲ ဆိုတော့
ဒီလိုတွေ ၀လာကြလွန်းလို့ NCD တွေ အဖြစ် များလွန်းကာ မိသားစု တစ်စုချင်းကနေ
တိုင်းပြည် အထိ အဘက်ဘက်ကနေ နစ်နာကြလွန်းလို့ ဖြစ်ပါတယ်။
ဒီလို များပြားလှတဲ့ ကြောက်စရာ ရောဂါတွေကနေ ကင်းဝေးပြီး ကြည့်ကောင်းတဲ့
ကိုယ်နေဟန် အချိုးအစား တွေကို ပိုင်ဆိုင်နိုင်ဖို့၊ သင့်ရဲ့အ၀လွန်မှုကြောင့်
သင် တန်ဖိုးထားရတဲ့ ဆက်နွှယ်မှုတွေ မယုတ်လျော့စေဖို့ ဘေးကင်းထိ ရောက်တဲ့
ကိုယ်အလေးချိန် ချနည်းကို ဖော်ပြပေးလိုက် ပါတယ်။
တကယ် လိုက်နာနိုင်ရင် လူမပင်ပန်း မနွမ်းလျဘဲ သုံးပတ်ကနေ လေးပတ်အတွင်း
ပေါင် ၂၀ လောက် အထိ ကျနိုင်တယ်လို့ ဆိုပါတယ်။ ဒီနည်းဟာ ကမ္ဘာ့ အကောင်းဆုံး
သိပ္ပံနည်းကျ ကျန်းမာရေး နဲ့ အာဟာရ ပညာရှင်များ စုပေါင်း တွက်ချက်
စမ်းသပ်ဖော်ထုတ် အတည်ပြု ထားတဲ့နည်း ဖြစ်ပါတယ်။ ဘာတန်ဖိုးကြီး စက်ကိရိယာ၊
ဆေးဝါးမှ မလိုဘဲ ဘေးကင်းပါတယ်။ တကယ် နည်းစနစ် မှန်မှန်သာ လိုက်နာ
လုပ်ဆောင်ဖို့ လိုပါတယ်။
(၁)
သုံးပတ်ကနေ လေးပတ် အတွင်း သင်ဟာ ကိုယ်အလေးချိန် ပေါင်၂၀ လောက် ကျပြီး
တကယ်ကြည့်ကောင်း လာချင်တဲ့ ဆန္ဒ၊ ပေါ့ပါးဖျတ်လတ် ကျန်းမာရေး ကောင်းလာချင်တဲ့
ဆန္ဒကို တကယ် မွေးယူပါ။ ဒီလို ဖြစ်အောင် အောက်ဖော်ပြပါ နည်းလမ်းတွေကို
ပျော်ရွှင်စွာ စိတ်ပါလက်ပါ လုပ်ဆောင်မယ်လို့ အားအပြည့် ထည့်ထားပါ။ ငါ့ရဲ့
ကြည့်မကောင်းတဲ့ ၀၀ဖိုင့်ဖိုင့် ပုံစံကို အမြန်ဆုံး ထားခဲ့ပြီး ဆွဲဆောင်မှု
ရှိတဲ့ ရုပ်ရည်အသွင် ဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆန္ဒပြုခြင်း
(Auto-suggestion) တစ်နေ့ အနည်းဆုံး ၁၀ ကြိမ် လုပ်ပေးရင် အဆပေါင်းများစွာ
ပိုထိရောက်တယ်လို့ တွေ့ရှိ အတည်ပြုထား ပါတယ်။
သင့် တစ်ဘ၀လုံး အတွက် အဘက်ဘက်က ကြည့်ရင် အရေးကြီးလှတဲ့ ကိစ္စကို စလုပ်ဖို့
မအားဘူး၊ အချိန် မပေးနိုင်ဘူး ဆိုပြီး ဆွဲမနေပါ နဲ့တော့။ အမြန်လုပ်ဖို့
တိုက်တွန်းပါတယ်။ လုပ်ရင်းနဲ့လည်း ဘာမှ အပန်းမကြီးတာ တွေ့ရ ပါမယ်။
(စလုပ်တော့မယ် ဆိုရင် ပေါင်ချိန်ထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဖြစ်နိုင်ရင် တစ်ကိုယ်လုံး မတ်တတ် ဓာတ်ပုံ တစ်ပုံလောက်ပါ ရိုက်ထားစေချင်
ပါတယ်။ သင့်ရဲ့ လုပ်ဆောင်ချက် တွေရဲ့ ထိရောက်မှုကို မျက်မြင် သိရတာပေါ့)
(၂) တစ်ရက်ကို သုံးနာရီကနေ လေးနာရီ ခြားပြီး အစာ လေး၊ ငါးကြိမ် စားပါ။
ဒီလို အကြိမ်များစွာ စားခြင်းဟာ သင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှု
(Metabolism) ကို မြင့်မားစေပြီး မှန်မှန် ကျင့်သုံးသွားရင် အဆီကျဖို့ တကယ်
အားပေးပါတယ်။ အရမ်း မဆာသေးတဲ့ အချိန် အကြိမ်များများ စားပေးတဲ့ အတွက်၊
တစ်ကြိမ်နဲ့ တစ်ကြိမ် ကြားက အချိန်တူတဲ့ အတွက် ဆာဆာနဲ့ အရမ်းစားဝင်
သွားတာမျိုး မဖြစ်တော့လို့ ကိုယ်အလေးချိန် ဆက်တက်နေခြင်း တန့်သွားကြောင်း
သင်လက်တွေ့ သိရှိရ ပါလိမ့်မယ်။
ဒီလို အချိန်မှန်၊ ပမာဏ မှန်မှန် စားပေးခြင်းဟာ တစွတ်စွတ် စားနေတာနဲ့
တူသလိုလို နဲ့ လုံးဝ ကွာခြားပါတယ်။ တစွတ်စွတ် စားနေခြင်းဟာ တစ်ချိန်လုံး
စားချင်စိတ် ရှိနေတတ်တဲ့ အကျင့်ကို ရစေပြီး အချိန်ခြား စားခြင်းကတော့
အစားအသောက် မှာ မလွန်ကဲအောင် သင့်ကို ထိန်းပေးနိုင် ပါတယ်။
(၃) အဲလို အစာ မစားခင်မှာ အသီးအနှံ၊ အသီးအရွက် အစိမ်းတစ်ခုခုကို အနည်းငယ်
စားနိုင်သလောက် အရင်စားပါ။ အဆင်ပြေရာ အသီးအနှံ တစ်ခုခုပေါ့။ များများ
ကြိုစားနိုင်လေ ကောင်းလေပါပဲ။ အရမ်း မချိုတာဆို ပိုကောင်း ပါတယ်။
အစိမ်းရင့်ရောင်၊ အ၀ါရောင်၊ အနီရောင် အသီးအရွက် တွေဆို ကိုယ်အလေးချိန်
ထိန်းရာမှာတင် မက တခြား ကောင်းကျိုးတွေ အများကြီး ပါပါတယ်။ သင် စားလိုက်တဲ့
အသီးအရွက် တွေကို ချေဖျက်ရာမှာ သင့် ခန္ဓာကိုယ်ဟာ ပုံမှန် တခြား အစာတွေကို
ချေဖျက်ရာမှာ ထက် ကယ်လိုရီ စွမ်းအင် ပမာဏ ပိုသုံးရ ပါတယ်။ ဒီတော့ အဆီတွေကို
ဖျော်ချရာ ရောက်ပါတယ်။ တစ်နေ့ လေးကြိမ်သာ ဒီလို မှန်မှန် စားပေးမယ် ဆိုရင်
သေချာပေါက် အဆီတွေ ကျမှာပါ။
အရေးကြီးဆုံး အချက်ကတော့ စားတဲ့ အသီးအရွက် တွေဟာ သန့်ရှင်းလတ်ဆတ် တဲ့
အစိမ်းတွေ ဖြစ်ဖို့ လုံးဝ လိုအပ်ပါတယ်။ (အသီးအရွက် ပြုတ်တွေ နေ့စဉ်
ကျွေးပေးတဲ့ ၀က်တွေဟာ ၀ဖြိုးလာနှုန်း ပိုမြန်တယ် ဆိုတဲ့ အချက်ကို မွေးမြူရေး
သမားတွေ ကောင်းကောင်း အသုံးချ နေတာကို သတိချပ်သင့် ပါတယ်)
ပြီးရင် ရေ အေးအေး (ရေခဲရေ ဟု မဆိုလို)၊ အဆင်ပြေမယ် ဆိုရင် ပဲနို့
သောက်ပေးပါ။ ဒါဆို ဆာလောင် မွတ်သိပ်ခြင်း တွေကို ပြေငြိမ်း နေစေပြီး အစား
တစွတ်စွတ် စားချင်နေတဲ့ အာသာကို လျှော့ချ နိုင်လို့ ကျန်းမာရေးနဲ့
ညီညွတ်စွာ အစားနည်းတဲ့ အကျင့်ကို ရရှိပြီး အဆီ ကျစေမှာ ဖြစ်ပါတယ်။ (
ဒီနေရာမှာ အချက် တစ်ချက်ကို ဖော်ပြရရင် လက်ဖက်ရည်ကြမ်း သောက်ရင် အဆီ
စုပ်ယူမှု လျော့နည်း စေလို့ အစားစားရာမှာ တင်းတိမ်စေတဲ့ Leptin စတဲ့
ဟော်မုန်းတွေကို ထွက်စေလို့၊ ရှိပြီးသား အဆီတွေကို ဖျော်ချပေးလို့ ကိုယ်
အလေးချိန် ကျ စေတယ် ဆိုပေမယ့်
(၁) အဲလို အာနိသင်တွေ ရအောင် သောက်ရမယ့် ပမာဏက အရမ်းများနေခြင်း၊ ပြင်းအားများနေခြင်း၊
(၂) အထက် ဖော်ပြပါ ကောင်းကျိုးများကြောင့် အဆီ ကျသော်လည်း လက်ဖက်ရည်ကြမ်း ၏
အစာချေရည် အက်ဆစ်ဓာတ် များစွာ ထွက်စေပြီး လေထိုးစေသော သတ္တိကြောင့် ဗိုက်
ခဏခဏ ဆာကာ အစာ ပိုစားမိ စေခြင်းကြောင့် ပြန်တက်တဲ့ အဆီက ကျသော အဆီနှင့်
မထူးခြင်း၊
(၃) လက်ဖက်ရည်ကြမ်း ၏ ကဖိန်းဓာတ် ဆိုးကျိုးများစွာ ခံစားရနိုင်ခြင်း၊
(၄) အဆီ စုပ်ယူမှုကို ထိရောက်စွာ ဟန့်တားသည့် အတွက် လက်ဖက်ရည်ကြမ်း
ပြင်းပြင်းကို ပမာဏ များများ နေ့စဉ် ကာလကြာရှည် သောက်ပါက စားသည့်
အစားအသောက် ထဲတွင် ပါဝင်သည့် အဆီတွင် ပျော်ဝင်သော ဗီတာမင် A, D, E, K
တို့နှင့် သံဓာတ်၊ ကယ်စီယမ် စသည့် အရေးကြီးသည့် ဗီတာမင် နှင့် သတ္တုဓာတ်များ
စုပ်ယူမှုကို ဟန့်တားရာရောက် ခံစားရနိုင်ခြင်း၊
(၅) အဆိုပါ အဆီချ လက်ဖက်ခြောက်များသည် လူတိုင်း မတတ်နိုင်လောက်အောင် ဈေးကြီးလှခြင်း ဆိုတဲ့ အားနည်းချက်တွေ များလှပါတယ်။
ဒီ နေရာမှာ နားလည်မှု လွဲတတ်တဲ့ ကိစ္စတစ်ခု ကတော့ အသီးအနှံ စားရမယ်
ဆိုပေမယ့် အသီး ဖျော်ရည်တွေ၊ အသီး ယိုတွေ၊ စည်သွတ်ဘူး တွေဟာ ၀စေလို့
ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
(၆) တစ်ရက်ကို ရေသန့်ပုလင်းနဲ့
လေးလုံးစာတော့ ကုန်အောင် သောက်ဖြစ်အောင် သတိထား သောက်ပါ။ ရေအေးအေးလေး ဟာ
အဆီ လောင်ကျွမ်းမှုကို အားပေးပါတယ်။ (ရေနွေးပူ သောက်မှ အဆီကျတယ် ဆိုတဲ့
အသိဟာ မှားယွင်း ပါတယ်)
(၇)
ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခု မဖြစ်မနေ တတ်နိုင်သလောက်
လုပ်ပေးပါ။ ဘယ်လိုမှ မအားရင်တောင် လမ်းတော့ လျှောက်ပေးပါ။ နံနက်ပိုင်းမှာ
လုပ်ရင် ပိုထိရောက် ပါတယ်။
(၈) အိပ်ရေး မပျက်ပါစေနဲ့။ အိပ်ချိန် နည်းလွန်းခြင်း၊ များလွန်းခြင်းတွေ မဖြစ်အောင် တတ်နိုင်သမျှ ဆင်ခြင်ပါ။
(၉) နံနက်စာကို ဥတစ်မျိုးမျိုး ပါအောင် အဆင်ပြေတိုင်း စားပေးပါ။
တစ်နေ့လုံး ကစီဓာတ် များတဲ့ အစာတွေကို များများစားချင်စိတ် ပေါ်ခြင်းကို
ဟန့်တားပေး ပါတယ်။
(၁၀)
နံနက်စာကို အချိုရည် နဲ့ မုန့်အချို တွဲစားခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။
ဒါဟာ သင့်ကို တစ်နေ့လုံး အစာများများ ၀င်အောင်၊ ဗိုက် ခဏခဏ ဆာအောင်
အားပေးပါတယ်။
(၁၁) သဘာဝ
အသီးဖျော်ရည် မဟုတ်တဲ့ အချိုရည်တွေ၊ အာလူးကြော် စတဲ့ ဆီထဲ နှစ်ကြော်ထားတဲ့
အစာတွေ၊ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်လို၊ ဟမ်ဘာဂါ ဒိုးနတ်လို ဟာမျိုးတွေ
တတ်နိုင်သမျှ လုံးဝ ရှောင်ပါ။ မဖြစ်မနေ အခြေအနေက လွဲလို့ပေါ့။ (ဟမ္ဘာဂါ
တစ်လုံးမှာ ပါတဲ့ ကယ်လိုရီဟာ ဆင်တစ်ကောင်လုံး တစ်နေ့ သွားလာလှုပ်ရှားဖို့
လုံလောက်တယ်လို့ ဆိုပါတယ်)
ဒါတွေ မစားလည်း သင့်အတွက် သင်ကြိုက်တဲ့ စားကောင်း သောက်ဖွယ်တွေ အများကြီး စားစရာ ရှိပါသေးတယ်။ လတ်တလော တစ်လတော့ ဆင်ခြင်ပါဦး။
(၁၂) ဒီလိုတွေ လုပ်နေတဲ့ လတ်တလောမှာ အဆာ လုံးဝ မခံဘဲ နံပါတ် (၁) မှာ ပြောခဲ့သလို အချိန်ခြား မှန်မှန်စားပါ။
(၁၃) သင်ဟာ ဒီလိုစားတာ ရက်ပိုင်း ကြာလာရင် ည ၉ နာရီ နောက်ပိုင်း
ဘာမှမစားဘဲ နေနိုင်လာ ပါလိမ့်မယ်။ သင်ဟာ အရမ်းဝသူ ဆိုရင် ည ၉ နာရီ
နောက်ပိုင်း အသီးအနှံက လွဲလို့ ဘာမှမစားဘဲ တစ်ပတ် နေကြည့်ဖို့ လိုအပ်ပါတယ်။
နေရင်းနဲ့ အကျင့်ရသွားလို့ တစ်သက်လုံး နေနိုင်သွားရင် သင်ဟာ အသက်ရှည်
ပါလိမ့်မယ်။
(၁၄) သင်ဟာ
ဒီဆောင်းပါးကို စဖတ်တုန်း ကတော့ စိတ်ပါလက်ပါ နဲ့ ဒီအထိ ရောက်အောင်
ဖတ်လာပြီးတော့ အခု ပြီးခါနီးလည်း ရောက်ရော ဟိုကြည့် ဒီကြည့် နဲ့ ပိန်အောင်
လုပ်လိုစိတ် တစ်ဝက်လောက်ပဲ ကျန်တော့မယ် ထင်ပါတယ်။ နောက်ပြီး ခေါင်းထဲ
မှတ်သွားပြီး နှစ်ရက်၊ သုံးရက် နဲ့ သတိထားရမယ့် အချက်တွေ မေ့လျော့ကာ
လုပ်ဖြစ်တော့မှာ မဟုတ်လို့ နားလည်အောင် သေချာဖတ်ကာ စာရွက်တစ်ရွက်မှာ
အတိုကောက် မှတ်သားသွားစေ လိုပါတယ်။ ဒီ စာရွက်လည်း မပျောက်စေနဲ့ ဦးနော်။
မြန်မာ အချင်းချင်း သဘောပေါက်လို့ သတိပေးတာပါ။
The Voice Weekly ပရိသတ်များ တကယ်ဖြစ်ချင်တဲ့ စိတ်နဲ့ တကယ်လုပ်လို့ အဟုတ်ဖြစ်ကာ ကျန်းမာလှပ အသက်ရှည် အောင်မြင်ကြ ပါစေ။
ဆက်ပိုင်လင်းခန့် (ဆေး ၂)